International News

ဂျပန်နိုင်ငံအနေဖြင့် ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တင်သွင်းသည့် ဂျုံဈေးနှုန်းများကို လျှော့ချသတ်မှတ်သွားမည်

Last Updated:

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာ့ဂျုံဈေးနှုန်းများမြင့်တက်ခဲ့ရာမှ ပြန်လည်တည်ငြိမ်လာပြီဖြစ်သည့်အတွက် ဂျပန်အစိုးရအနေဖြင့် စီပွားရေးလုပ်ငန်းများသို့ ရောင်းချမည့်တင်သွင်းသည့်ဂျုံများ၏ ပျမ်းမျှဈေးနှုန်းအား ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လျှော့ချသွားမည်ဖြစ်ကြောင်း ၁၂-၉-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ၁၃-၉-၂၀၂၃ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan to cut imported wheat price for first time in 3 years” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် တင်သွင်းဂျုံများ၏ ရောင်းဈေးကို ၁၁.၁ ရာခိုင်နှုန်းလျှော့ချကာ တစ်တန်လျှင် ပျမ်းမျှအားဖြင့် ယန်း ၆၈,၂၄၀(အမေရိကန်ဒေါ်လာ ၄၆၀)အဖြစ် အောက်တိုဘာလမှစတင်၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ တင်သွင်းဂျုံ၏ ၈၀ ရာခိုင်နှုန်းကို အစားအစာများတွင် သုံးစွဲလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ကောက်ပဲသီးနှံ ၅ မျိုး၏ရောင်းဈေးများကို ကမ္ဘာ့ဈေးနှုန်း၊ လက်ရှိပြည်တွင်းဈေးနှုန်းနှင့် အခြားသောအချက်များအပေါ်မူတည်၍ ဧပြီလနှင့် အောက်တိုဘာလတို့တွင် ပြန်လည်သုံးသပ်မှုများဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် နိုင်ငံတကာဈေးနှုန်းများနှင့် အခြားသေ ာညွှန်းကိန်းများ၏အပြောင်းအလဲများကို ဆက်လက်၍အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း စိုက်ပျိုးရေးဝန်ကြီး Tetsuro Nomura က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ဂျုံတင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသည့် ရုရှားနှင့် ယူကရိန်းတို့၏ ပဋိပက္ခကြောင့် ဂျုံပြတ်လပ်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် ၂၀၂၂ ခုနှစ် မတ်လတွင် ကမ္ဘာ့ဂျုံဈေးနှုန်းမှာ ပေါင် ၆၀ တစ်အိတ်လျှင် အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ထို့နောက်တွင် ၆၀ ရာခိုင်နှုန်းနီးပါးပြန်လည်ကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လမှစတင်ခဲ့သည့် လာမည့်ဈေးကွက်နှစ်အတွက် ကမ္ဘာ့ဂျုံထုတ်လုပ်မှုမှာ တန်ချိန် ၇၉၀ သန်းနီးပါးရှိနိုင်ပြီး စံချိန်တင်များပြားနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနက ခန့်မှန်းထားကြောင်းနှင့်၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကမ္ဘာ့ဂျုံဈေးနှုန်းမှာ ပေါင် ၆၀ တစ်အိတ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

သို့သော် ယူကရိန်းနိုင်ငံမှကုန်စည်များကို ပင်လယ်နက်မှတစ်ဆင့် ဘေးကင်းစွာတင်ပို့နိုင်ခဲ့သော ပင်လယ်နက်မှတစ်ဆင့် ပြည်ပသို့ ကောက်ပဲသီးနှံတင်ပို့ခွင့်ဆိုင်ရာလေးပါတီသဘောတူညီချက်ဖြစ်သည့် Black Sea Grain Initiative မှ ရုရှားနိုင်ငံက နုတ်ထွက်ကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့သည့်အတွက် ကမ္ဘာ့ဈေးကွက်တွင် စိုးရိမ်မှုများဖြစ်ပေါ်နေဆဲဖြစ် ကြောင်း၊ ရုရှားနိုင်ငံမှ ကမ္ဘာ့ဂျုံဈေးကွက်သို့ တိုးချဲ့တင်ပို့လာမှုသည် ယူကရိန်းမှ ဂျုံတင်ပို့မှုကျဆင်းခဲ့မှုကြောင့် သက်ရောက်မှုများကို သက်သာစေခဲ့သော်လည်း ရုရှားနိုင်ငံမှ အနာဂတ်တွင် ဈေးကွက်လွှမ်းမိုးလာနိုင်မှုအပေါ် စိုးရိမ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရ၏ထုတ်ပြန်ချက်ကြောင့် ဂျပန်နိုင်ငံ၌ ဂျုံအဓိကထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သော Nisshin Seifun Group နှင့် အခြားသော ဂျုံစက်ရုံများအနေဖြင့် လက်လီဈေးနှုန်းနှင့် လက်ကားဈေးနှုန်းများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ဗဟိုဘဏ်၏ သတ်မှတ်ရည်မှန်းချက်ဖြစ်သည့် ၂ ရာခိုင်နှုန်း ကျော်လွန်နေဆဖြစ်ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် စွမ်းအင်နှင့် ဂျုံကဲ့သို့သော ကောက်ပဲသီးနှံများအား အဓိကတင်သွင်းသူဖြစ်သည့်အတွက် အဆိုပါကုန်စည်များ၏ဈေးနှုန်းအပြောင်းအလဲများသည် ငွေကြေးဖောင်းပွမှုအပေါ် များစွာသက်ရောက်မှုရှိစေသည့်အတွက် အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဂျုံဈေးနှုန်းများကို ထိန်းညှိဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia (၁၂-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News